Sunday, July 28, 2013
၁၉၈၈ ခုနှစ်၌
မည်သည့်နိုင်ငံတွင် မွေးဖွားလျှင် ကလေး၏ အနာဂတ်အတွက် အကောင်းဆုံးဖြစ်မည်ကို
စစ်တမ်း ကောက်ခဲ့ဖူးသည်။ ထိုစဉ်က အမေရိကန်သည် အကောင်းဆုံးနိုင်ငံများ
စာရင်း၏ ထိပ်ဆုံးတွင် ရသွားသည်။ ၂ဝ၁၃ ခုနှစ်တွင် မည်သည့်နိုင်ငံ၌
မွေးဖွားသော ကလေးသည် တောက်ပြောင်သော အနာဂတ်ပိုင်ရှင် ဖြစ်မည်နည်းဟု
ဟောကိန်းထုတ်ရန် အီကောနောမစ်မဂ္ဂဇင်းက ပညာရှင်များဖြင့် စစ်တမ်း ကောက်ယူ
ဆန်းစစ်ခဲ့သည်။ ကောက်ယူ ရရှိခဲ့သော အချက်အလက်များအနက်
ဘဝအရည်အသွေးညွှန်းကိန်း Quality of Life Index ကို တွက်ချက်ရာတွင် နေထိုင်
နေရသော ဘဝအပေါ် မည်မျှ ကျေနပ်ပျော်ရွှင်မှု ရှိသည်ဆိုသော အချက်အပေါ်အခြေတည်
ထားခြင်းဖြစ်သည်။ ဘဝအရည်အသွေး ညွှန်းကိန်းကို တွက်ချက်ရာတွင်လူများ၏
ပြောဆိုချက်သာမက ယင်းတို့ လက်တွေ့ဘဝကိုပါ ထည့်သွင်း တွက်ချက်သည်။
ငွေကြေးပြည့်စုံခြင်းသည် အေးချမ်းတည်ငြိမ်သော ဘဝအတွက်
များစွာအထောက်အကူဖြစ်စေသည် မှန်သော်လည်း ရာဇဝတ်မှု ထူပြောခြင်း၊
အစိုးရဌာနများကို ယုံကြည် ကိုးစားနိုင်မှု အတိုင်းအတာ၊ မိသားစု
ကျန်းမာရေးတို့သည်လည်း ဘဝပျော်ရွှင် ချမ်းမြေ့စေရန် အရေးပါသော
အချက်များဖြစ်သည်။ တွက်ချက်ရာတွင် ထည့်သွင်းစဉ်းစားသော အချို့အချက်များသည်
ပုံသေရှိနေသော အချက်များ (ဥပမာ- ပထဝီအနေအထား)၊ အချိန်အတန်ကြာမှ
ပြောင်းလဲသော အချက်များ (ဥပမာ- လူဦးရေ၊ လူမှုရေးနှင့် ယဉ်ကျေးမှု အကျင့်
စရိုက်)တို့ကိုလည်း ထည့်သွင်း စဉ်းစားထားသည်။ အချို့အချက်များသည် အစိုးရ၏
မူဝါဒနှင့် ကမ္ဘာ့စီးပွားရေးအပေါ်တွင် တည်မှီနေ သည်။ လက်ရှိ အချက်အလက်များကို
ကောက်ယူရာတွင် လွယ်ကူသော်လည်း ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို
မှန်းဆတွက် ချက်ရသည်မှာ အခက်ခဲဆုံး ဖြစ်သည်။
ဘဝအရည်အသွေး ကောင်းမွန်စေသော အချက်များသည် ပြောင်းလဲမှု ရှိသော်လည်း
ဖြည်းဖြည်းချင်းသာ ပြောင်းလဲလေ့ရှိသည်။ ၂ဝ၁၃ ခုနှစ်တွင် မွေးဖွားမည့်
ကလေးသည် ၂ဝ၃ဝ တွင် လူလားမြောက်ပြီး ကောလိပ်တက်မည့်အရွယ်၊
လုပ်ငန်းခွင်ဝင်လိုက ဝင်နိုင်သည့် အ ရွယ်သို့ ရောက်ရှိမည်ဖြစ်သည်။
ထိုအချိန်တွင်မွေးဖွားရာ တိုင်းပြည်၏ အခြေအနေမည်သို့ရှိမည်ကိုလည်း
ခန့်မှန်းတွက်ချက်ထား သည်။ ထုံထိုင်းနေသော ကမ္ဘာ့စီးပွားရေး အခြေအနေကြောင့်
ကမ္ဘာအဝန်း ကုန်ထုတ်လုပ်မှု ကျဆင်းနေသော်လည်း လူတစ်ဦးချင်း ဝင်ငွေမှာ
စံချိန်တင်ရသည့် အနေအထားမျိုး ဖြစ်သည်။ လူ့ပျမ်းမျှသက်တမ်းမှာလည်း
ဆက်လက်မြင့်တက်လာနေသည်။ နိုင်ငံရေး လွတ်လပ်မှု အသိစိတ်ဓာတ် ကမ္ဘာတစ်လွှား
ပျံ့နှံ့လာနေသည်။ အာဖရိက မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတွင်
ဒီမိုကရေစီရေး နိုး ကြားမှု ပြင်းထန်လာသည်။
ယူရိုငွေသုံးဒေသတွင် အလုပ်လက်မဲ့ဖြစ်မှုနှင့် လုံခြုံရေး
အားနည်းခြင်းတို့သည် ဘဝအရည်အသွေးကို ထိခိုက်စေသည်။ ယင်းသို့သော အခြေအနေများ
ကြားတွင် ၂ဝ၁၃ ခုနှစ်အတွင်း မွေးဖွားလာမည့် ကလေးများအနက်
မည်သည့်နိုင်ငံတွင် မွေးဖွားသည့် ကလေးသည် ကံအကောင်းဆုံး ဖြစ်မည်ကို
အီကော်နောမစ်မဂ္ဂဇင်းက စစ်တမ်း ထုတ်ကြည့်သည်။ ဆွစ်ဇာလန်နိုင်ငံတွင်
မွေးဖွားသော ကလေးသည် ကံအကောင်းဆုံးဖြစ်မည်ဟု အဖြေထွက်လာသည်။ ဒုတိယ
ကံအကောင်းဆုံးကလေးမှာ သြစတေးလျားတွင် မွေးဖွားသောကလေး ဖြစ် မည်ဟု ဟောကိန်း
ထုတ်ထားသည်။
ထို့နောက်
အစဉ်လိုက်အတိုင်း နိုင်ငံများမှာ သြစတေးလျား၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊
စင်ကာပူ၊ နယူးဇီလန်၊ နယ်သာလန်၊ ကနေ ဒါ၊ ဟောင်ကောင်နှင့် ဖင်လန်တို့
ဖြစ်ကြသည်။ အောက်ဆုံးအဆင့် ဆယ်နိုင်ငံတွင် အဇာဘိုင်ဂျန် (၇ဝ)၊
အင်ဒိုနီးရှား (၇၁)၊ ရုရှား (၇၂)၊ ဆီးရီးယား(၇၃) ၊ ကာဇာစ တန် (၇၄)၊
ပါကစ္စတန် (၇၅)၊ အင်ဂိုလာ (၇၆)၊ ဘင်္ဂလားဒေ့ရှ် (၇၇)၊ ယူကရိန်း (၇၈)၊ ကင်ညာ
(၇၉)၊ နိုင်ဂျီးရီးယား (၈ဝ) တို့ဖြစ်ကြသည်။ ထိပ်ဆုံး စာရင်းဝင်
ဆယ်နိုင်ငံမှာ နိုင်ငံငယ်လေးများဖြစ်ကြသည်။ ယင်းတို့အနက် ငါးနိုင်ငံ မှာ
ဥရောပတိုက်မှ ဖြစ်ပြီး ထိုငါးနိုင်ငံအနက် နယ်သာလန် တစ်နိုင်ငံသာလျှင်
ယူရိုငွေသုံး ဒေသမှဖြစ်သည်။ ဥရောပ၏ စီးပွားရေး အင်အားရှင် နှစ်ဦးဖြစ်သည့်
ဂျာမဏီ၊ (၁၆) ပြင် သစ် (၂၆) နှင့် ဗြိတိန် (၂၇) တို့သည် အဆင့်မကောင်းလှ။
စစ်ပြီးခေတ် မျိုးဆက်က ချန်ထားရစ်သော ကြွေးမြီများကို ၂ဝ၁၃ တွင်
မွေးဖွားသော အမေရိကန် ကလေးများက ပေးဆပ်ရလိမ့်မည်။
အမေရိကန်သည် ဘဝအရည်အသွေး ညွှန်းကိန်းတွင် ဂျာမဏီနှင့် အတူတူအဆင့် ၁၆
တွင်ရှိသည်။ စာရင်းကောက်ယူခဲ့သော နိုင်ငံ ၈ဝ တွင်နိုင်ဂျီးရီးယားသည်
နောက်ဆုံးအဆင့်တွင်ရှိသည်။ ၂ဝ၁၃ ခုနှစ်တွင်
နိုင်ဂျီးရီးယားတွင်မွေးဖွားသောကလေးသည် ကံအဆိုး ဆုံး ဖြစ်ပေလိမ့်မည်။
စာရင်းထိပ်ဆုံးတွင် ရှိသည့်နိုင်ငံများ၏ ထူးခြားချက်မှာ အလွန်အမင်း
တည်ငြိမ်ခြင်း၊ ပျင်းရိဖွယ်ရာ ငြိမ်သက်နေ ခြင်းတို့ အပြင်
နေထိုင်သောလူမျိုးများအတွင်း ယဉ်ကျေးမှု ကွဲပြားခြင်းကြောင့်ဖြစ်ရသော
ပဋိပက္ခမရှိခြင်းတို့ဖြစ်သည်။ အီတလီနိုင်ငံ သမိုင်းတွင် နှစ်ပေါင်း
သုံးဆယ်ကြာမျှ မငြိမ်မသက်ဖြစ်ခြင်း၊ လူသတ်မှုနှင့်အကြမ်းဖက်မှုတို့ထူပြောစေ
ကာမူ ထိုကာလ အတွင်း မိုက်ကယ် အင်ဂျလို၊ လီယိုနာဒိုဒါဗင်ချီကဲ့သို့ အနုပညာ
အကျော်အမော်များ မွေးထုတ်နိုင်ခဲ့သည်။ ဥာဏ်သစ်လောင်းခေတ်ကို
ပေါ်ထွန်းစေနိုင်ခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံသည် နှစ်ပေါင်း ငါးရာကျော် ငြိမ်းချမ်း တည်ငြိမ်စွာ
နေနိုင်ခဲ့သော်လည်း အနုပညာ ထူးချွန်သူဟူ၍ မယ်မယ်ရရ မရှိခဲ့။ ထို့ကြောင့်
တည်ငြိမ်လွန်းမက တည်ငြိမ်ခြင်းသည် လိုလားဖွယ် အခြေအနေဖြစ်ပါ၏လောဟု
အမေးထုတ်စရာ ဖြစ်ရသည်။
zaygyet journal



